ပရီးမီးယားလိဂ်ပွဲတွေ COVID-19 အန္တရာယ်ကင်းမှ ပြန်စမယ်

အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးပွဲတွေကို ဗိုင်းရပ်စ်ကူးစက်မှု အန္တရာယ်ကင်းဝေးတဲ့ စိတ်ချရတဲ့အချိန် မရောက်မချင်း၊ သင့်တော်တဲ့အချိန် မရောက်မချင်း ပြန်စတင်မှာ မဟုတ်ဘူးလို့ ပရီးမီးယားလိဂ်က ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်အသင်းတွေ အနေနဲ့ ကစားသမားတွေကို လစာ ၃၀ ရာခိုင်နှုန်း လျှော့ယူဖို့ တောင်းဆိုသွားကြဖို့ကိုလည်း သဘောတူလိုက်ပါတယ်။ အလုပ်အကိုင်တွေကို ကာကွယ်ပေးတဲ့အနေနဲ့ ဘောလုံးသမားတွေအနေနဲ့ လစာ ၃၀ ရာခိုင်နှုန်း လျှော့ယူဖို့အတွက် အသင်းတွေဘက်က တောင်းဆိုဖို့ ဒီကနေ့မှာ သဘောတူလိုက်ကြတာ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် UEFA ပွဲစဉ်တွေ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းတဲ့သတင်း ဖတ်ရှုနိုင်ပါတယ်။ ဗြိတိန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဆိုးကြီးကို ရင်ဆိုင်နေရတဲ့အတွက် ပရီးမီးယားလိဂ် ကစားသမားတွေအနေနဲ့ လစာလျှော့ယူသင့်တယ်လို့ ဗြိတိန်ကျန်းမာရေးဝန်ကြီး Matt Hancock ကလည်း ကြာသပတေးနေ့က ပြောကြားလိုက်ပါတယ်။ ကမ္ဘာတဝှမ်းမှာဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် ပရီးမီးယားလိဂ် အပါအဝင် ဥရောပက အမှတ်ပေးဘောလုံးပွဲတွေနဲ့ နိုင်ငံတကာ အားကစားပြိုင်ပွဲတွေကို ရပ်နားထားရတာ ဖြစ်ပါတယ်။ အစောပိုင်းတုန်းကတော့ ပရီးမီးယားလိဂ် ဘောလုံးပွဲတွေကို ဒီကနေ့မှာ ပြန်စဖို့ လုပ်ထားပေမယ့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် ဧပြီလကုန် ဒါမှမဟုတ် မေလဆန်းမှာ ပြန်စဖို့ ထပ်ရွှေ့ဆိုင်းခဲ့ပေမယ့် အခုအခါမှာတော့ မေလဆန်းမှာ ပြန်စဖို့လည်း မဖြစ်နိုင်သေးဘူးလို့ အသင်းတွေဘက်က လက်ခံခဲ့ကြပြီး သင့်တော်တဲ့အချိန်မှ ပြန်စသွားဖို့ တာဝန်ရှိသူတွေက ဆုံးဖြတ်ခဲ့ကြပါတယ်။ အသင်းတွေအကုန်လုံးကတော့ ဒီဘောလုံးရာသီကို ပြီးအောင်ဆက်ကစားဖို့တော့ သဘောတူထားပါတယ်။

Credit

Post a Comment

0 Comments