မြန်မာနိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတားဆီးရေး အရှိန်မြှင့်

  မြန်မာနိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူတွေထဲမှာ လေယာဉ်လိုင်းကြောင်းက ဝင်လာသူတွေရော နယ်စပ်လမ်းကနေ ဖြတ်ကျော်လာသူတွေရောမှာ တွေ့ရတဲ့အပြင်၊ ခရီးသွားမှတ်တမ်းမရှိဘဲ ပြည်တွင်းမှာတင် ကူးစက်ခံရတဲ့ လူနာပါ တွေ့လာရတဲ့နောက် အစိုးရဘက်က ရောဂါထိန်းချုပ်ရေးအတွက် ပိုမို တင်းတင်းကြပ်ကြပ် ဆောင်ရွက်လာပါပြီ။ ထိပ်ပိုင်း ပြည်ထောင်စုအဆင့်ကနေ အောက်ခြေမြို့နယ်အဆင့်တွေအထိပါ ပူးတွဲအဖွဲ့တွေ ဖွဲ့စည်းပြီး ရောဂါထိန်းချုပ်ရေးကို အရှိန်မြင့်ဆောင်ရွက်လာတယ်လို့ ပြောရမှာပါ။ ☞မြန်မာရောက် အမေရိကန်နိုင်ငံသားတွေ လေကြောင်းက အရေးပေါ်ထွက်ခွင့်ရမည်ဆိုတဲ့သတင်းလည်း ဖတ်နိုင်ပါပြီ။ ရောဂါထိန်းချုပ်ရေးနဲ့ ပတ်သက်လို့ လက်တွေ့မြေပြင်ဆောင်ရွက်ရာမှာ ကြီးကြပ်မယ့် COVID-19 ရောဂါ ထိန်းချုပ်ရေးနဲ့အရေးပေါ် တုံ့ပြန်ရေးကော်မတီကို ဒု သမ္မတ ဦးမြင့်ဆွေကို ဦးစီးစေပြီး မတ်လ ၃၀ ရက်နေ့က ဖွဲ့စည်းကြောင်း ထုတ်ပြန်ပါတယ်။ ဒီကော်မတီအနေနဲ့ ရောဂါထိန်းချုပ်ရေးလုပ်ငန်းတွေကို ဥပဒေအရ တင်းတင်းတင်းကြပ်ကြပ်ကိုင်တွယ်အရေးယူနိုင်မှာဖြစ်တဲ့အပြင် လိုအပ်ရင် လုံခြုံရေးအင်အား အသုံးပြုဖို့အထိပါ လုပ်ပိုင်ခွင့်ပေးထားပါတယ်။ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိန်းကတော့ ဒါဟာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းတွေမှာ အစိုးရနဲ့ တပ်မတော် ပူးတွဲဆောင်ရွက်လာတဲ့ အခြေအနေဖြစ်တယ်လို့ ဆိုပါတယ်။ ဒေါက်တာရန်မျိုးသိန်း။ ။ တပ်မတော်ဘက်က ညှိနှိုင်းကွပ်ကဲရေးမှူးပေါ့ ဒီ ဗိုလ်ချုပ်ကြီး မြထွန်းဦးက ကော်မတီမှာ အဖွဲ့ဝင်အဖြစ် ပါလာတယ်။ အဲ့ဒီအတွက်ကြောင့်မို့လို့ COVID-19 ကာကွယ်ရေး၊ ထိန်းချုပ်ရေးနဲ့ ကုသရေးလုပ်ငန်းတွေမှာပေါ့လေ ... တပ်မတော်ဘက်ကလည်းပဲ အစိုးရနဲ့ ပိုပြီးတော့ ဖြစ်ဖြစ်ရောက်ရောက် ပူးပေါင်းဆောင်ရွက်လာမယ့်သဘောမျိုး ဟန်ချက်ညီညီ ဆောင်ရွက်လာမယ့်သဘောမျိုးလို့ သုံးသပ်လို့ရပါတယ်။ မြန်မာအစိုးရရဲ့ ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးလုပ်ငန်းတွေဟာ နှေးကွေးလွန်းတယ်၊ နောက်ကျလွန်းတယ်ဆိုပြီး ဝေဖန်မှုတွေက အတော်လေး ရှိခဲ့တာပါ။ ရောဂါပိုး ကူးစက်ခံရသူအချို့ ရှာဖွေတွေ့လာရတဲ့အချိန်အထိ အစိုးရရဲ့ တုံ့ပြန်မှု၊ သတင်းပြန်ကြားမှုတွေဟာ နှေးကွေးလွန်းတယ်လို့ မချင့်မရဲဖြစ်ခဲ့ကြပါတယ်။ အောက်ခြေလူထုအကြားမှာလည်း ကပ်ရောဂါဆိုး အတိုင်းအဆကို သိသူ အင်မတန် နည်းခဲ့ပါတယ်။ ဒါပေမဲ့ ဒီရက်ပိုင်းမှာတော့ တိုင်းနဲ့ ပြည်နယ်အလိုက် မြို့နယ်အလိုက် အောက်ခြေပိုင်းမှာ ရောဂါထိန်းချုပ်ရေး ဆောင်ရွက်မှုတွေ ပိုပြီး အားကောင်းလာပါတယ်လို့ ဒေါက်တာရန်မျိုးသိန်းက သုံးသပ်ပါတယ်။ ဒေါက်တာရန်မျိုးသိန်း။ ။ အစိုးရအပါအဝင်ပေါ့လေ... လွှတ်တော်ကိုယ်စားလှယ်တွေ၊ ကျနော်တို့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ နောက် ရပ်မိရပ်ဖတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လာတဲ့သဘောတွေကို တွေ့ရပါတယ်။ ပြည်ပက ပြန်လာသူတွေ အထူးသဖြင့်တော့ ထိုင်းနယ်စပ်ဘက်ကနေ ပြည်တွင်းထဲအထိ ပြန်လာတဲ့ မြန်မာလူမျိုးက သောင်းဂဏန်းလောက်ထိ ရှိလာတာမို့ ဒီလူတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှု အတော်ကြီးလာပါတယ်။ ဒီအတွက်လည်း သက်ဆိုင်ရာမြို့နယ်တွေအလိုက် သီးခြားစောင့်ကြည့်မှုတွေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်က ပြောပါတယ်။ ဒေါ်ဇင်မာအောင်။ ။ အဓိကကတော့ ကျမတို့ ဒီဘက်နောက်ပိုင်း ထိုင်းက ဝင်လာတဲ့ မြန်မာတွေပေါ့ ကျမတို့ မြို့နယ်အလိုက်လေ ... ဝင်လာတဲ့သူတွေရှိလို့ရှိရင် Community Quarantine လိုမျိုး လုပ်ဖို့လို့ဆိုပြီးတော့ ကျမတို့ ပြင်ဆင်ထားတာတွေ ရှိပါတယ်။ အဲ့ဒီအတွက်ကို လောလောဆယ်လုပ်နေပါတယ်။ အဲ့ဒီ မတိုင်ခင်က ၂၅ ရက် မတိုင်ခင်ကဆိုလို့ရှိရင်လည်း ဒီ လေယာဉ်က ဝင်လာတဲ့ လူတွေကို အဲ့ဒီ list တွေနဲ့ ဥပမာ TMO တွေပေါ့ ကျန်မာရေးဝန်ထမ်းတွေနဲ့ အုပ်ချုပ်ရေးပိုင်းတွေက လိုက်ပြီးတော့ ဒီစောင့်ကြည့်တာတွေပေါ့နော်... Home Quarantine လုပ်တာတွေ ရှိပါတယ်။ အိမ်မှာနေပြီးတော့ စောင့်ကြည့်ခိုင်းတာလည်း ရှိသလို ခု Community Base ပေါ့နော် နေရာတခု သတ်မှတ်ပြီးတော့ Quarantine လုပ်နေတာ နှစ်မျိုး ရှိပါတယ်။ အခုလို သီးခြားထားစောင့်ကြည့်မှုအပြင် ဈေးတွေ လူစည်ကားရာနေရာတွေ ရပ်ကွက်တွေထဲမှာ ပိုးသတ်ဆေးဖြန်းတာတွေ ရောဂါကာကွယ်ရေးသတိပေးထုတ်တာတွေကို မြို့နယ်အလိုက် ဆောင်ရွက်တာတွေရှိပါတယ်။ ဒါ့အပြင် မြို့နယ်အလိုက် ဒေသန္တရအမိန့်တွေ ထုတ်ပြီးတော့ လူစုလူဝေးမလုပ်ဖို့၊ သံသယလူနာတွေတွေ့ရင် နီးစပ်ရာအုပ်ချုပ်ရေးကိုအကြောင်းကြားဖို့ ညွှွန်ကြားချက်တွေ ထုတ်နေပါတယ်။ ရန်ကုန်မြို့နေရာအတော်များများမှာတော့ ဈေးဆိုင်တွေ စတိုးဆိုင်တွေ ဖွင့်လှစ်ချိန်ကို အချိန်လျှော့ချတဲ့အပြင်၊ စားသောက်ဆိုင်တွေဆိုရင်လည်း ဆိုင်မှာ ထိုင်ခွင့်မပေးတော့ပဲ အထုပ်နဲ့ပဲ ဝယ်ခွင့် ပေးပါတော့တယ်။ မြို့နယ်အလိုက်ဖွဲ့တဲ့ ရောဂါထိန်းချုပ်ရေးကော်မတီတွေအပြင်၊ ပုဂ္ဂလိကအဖွဲ့အစည်းတွေ စီးပွားရေးလုပ်ငန်းတွေကလည်း ရောဂါကာကွယ်ရေးအတွက် တနိုင်တပိုင်သီးခြားဆောင်ရွက်တာတွေ လုပ်လာပါတယ်။ လူထုကြားထဲမှာ စိုးရိမ်မှုတိုးလာတာနဲ့အတူပဲ ရပ်ကွက်အချို့မှာတော့ ကပ်ရောဂါရှောင်လွဲှနိုင်ဖို့ သက်ဆိုင်ရာဘာသာရေးအရ ရွတ်ဖက်သရဇယ်တာတွေ ၊ လှည့်လည်လုပ်နေတာတွေ ရှိပါတယ်။ ရောဂါထိန်းချုပ်ရေးအတွက် မြို့နယ်အလိုက်ကော်မတီတွေ ဖွဲ့လုပ်ဆောင်ရာမှာ အခက်အခဲတွေတော့ ရှိနေပါတယ်လို့ ဒေါ်ဇင်မာအောင်က ပြောပါတယ်။  ဒီအတွက်ကြောင့်မို့လို့လည်း ဒီအစိုးရအနေနဲ့က မြို့နယ်အလိုက်ဆောင်ရွက်မှုတွေအတွက် Budget အသုံးစာရိတ်တွေ သီးခြားချပေးသင့်တယ်လို့ ဒေါ်တာရန်မျိုးသိန်းက မြင်ပါတယ်။ ဒေါက်တာရန်မျိုးသိန်း။ ။ အရေးပေါ် ရန်ပုံငွေ၊ နောက် ထပ်ဆောင်း ရန်ပုံငွေတွေရဲ့ စိစစ်မှုကို အောက်ခြေမြို့နယ်အဆင့်လောက်အထိ ထိထိရောက်ရောက်နဲ့ ပို့ဆောင်ပေးနိုင်ဖို့လည်းပဲ ရေရှည်မှာ မဖြစ်မနေ လိုအပ်တယ်လို့ မြင်ပါတယ်။ အခုလို အသစ်ဖွဲ့စည်းလိုက်တဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီဟာ အောက်ခြေ မြို့နယ်အလိုက် ကြုံနေရတဲ့ အခုလိုအခက်အခဲတွေ ရန်ပုံငွေကိစ္စအပြင် ဥပဒေနဲ့ တင်းတင်းကြပ်ကြပ်ကိုင်တွယ်ဖို့ လက်တွေ့ကိစ္စရပ်တွေမှာ ပေါင်းစပ်ကြီးကြပ်နိုင်မယ်လို့ အကောင်းမြင်သူတွေလည်း ရှိပါတယ်။ ဒီ ကမ္ဘာ့ကပ်ရောဂါကြီးဟာ မြန်မာနိုင်ငံအတွင်းမှာလည်း ကပ်ရောဂါလိုဖြစ်လာနိုင်တယ်လို့ ကျန်းမာရေးဌာနဘက်က သတိပေးလာတဲ့အခြေအနေကြောင့်လည်း၊ ရောဂါထိန်းချုပ်ရေးအတွက် အခုလို အစိုးရရော တပ်မတော်ရော အခြားအရပ်ဘက်အဖွဲ့တွေရော အားလုံး ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်နိုင်တဲ့အခြေအနေ တရပ်ဖြစ်လာဖို့ မျှော်လင့်ကြတာပါ။

Credit

Post a Comment

0 Comments