တမူးတွင် လူစုလူဝေးမလုပ်ဖို့အမိန့်ကို မလိုက်နာဘဲ မင်္ဂလာဆောင်သည့် သတို့သားကို အမှုဖွင့်အရေးယူ


တမူးမြို့နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကာကွယ်နိုင်ရေးအတွက် လူစုလူဝေးမလုပ်ဖို့ ဒေသန္တရအမိန့်ထုတ်ထားတာ မလိုက်နာဘဲ မင်္ဂလာဆောင်ခဲ့တဲ့ သတို့သားကို တည်ဆဲဥပဒေအရ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဒေသန္တရအမိန့်ကို မတ်လအတွင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
တမူးမြို့နယ်၊ ခမိတ်ကျေးရွာအုပ်စု၊ ခန်မွန်းနွံကျေးရွာမှာ ညွှန်ကြားချက်၊ တားမြစ်ချက်တွေကို မလိုက်နာဘဲ မတ်လ ၂၈ ရက်နေ့က မင်္ဂလာပွဲတခု ပြုလုပ်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အစိုးရကို တင်ပြခဲ့ပြီး အစိုးရ တည်ဆဲဥပဒေအတိုင်း အရေးယူဖို့ ပြန်လည်ညွှန်ကြားခဲ့တာပါ။
“ဒေသအာဏာပိုင်အဖွဲ့ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး အကြောင်းကြားတာ၊ သတင်းပို့တာ လုပ်ခဲ့တဲ့အကြောင်းကို ရှင်းပြပါတယ်။ သူတို့ တားမြစ်တဲ့အထဲက လုပ်တာဆိုတော့လည်း ကျန်းမာရေးရှုထောင့်အရတော့ အန္တရာယ်များတဲ့အချိန်မှာ ဇွတ်လုပ်တာတော့ မသင့်ဘူးပေါ့လေ။ ဥပဒေကြောင်းအတိုင်း လုပ်တာဆိုတော့ ကျနော့်အနေနဲ့ ဘာမှ ပြောစရာ မရှိပါဘူး”လို့ တမူးမြို့နယ် တိုင်းဒေသကြီး ကိုယ်စားလှယ် ဦးမြင့်နိုင်ဦးက ပြောပါတယ်။
လတ်တလော ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်လို့ ထုတ်ပြန်ထားတဲ့ ဒေသန္တရအမိန့်၊ အစိုးရရဲ့ အမိန့်၊ ညွှန်ကြားချက်တွေကို မလိုက်နာရင် ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေးဥပဒေ(၂၀၁၁)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ(၂၀၁၃) တို့အရ အရေးယူမယ်လို့လည်း အစိုးရက ထုတ်ပြန်ကြေညာထားပါတယ်။
တည်ဆဲဥပဒေအရ အမှုဖွင့် အရေးဆောင်ရွက်ဖို့ ခွင့်ပြုတဲ့စာထဲမှာ တားမြစ်ချက် မလိုက်နာခဲ့တဲ့ သတို့သားဖြစ်သူကို တမူးမြို့နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်းက တရားလိုပြုလုပ်ပြီး အမှုဖွင့်အ‌ရေးယူဖို့ အစိုးရက ခွင့်ပြုထားပါတယ်။
ဒီကိစ္စက တမူးမြို့နယ်မှာ ကိုရိုနာနဲ့ပတ်သက်လို့ ညွှန်ကြားချက်ကို အရေးယူတာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။
လတ်တလောမှာတော့ တမူးမြို့မှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်လို့ ပြည်သူတွေကပူး ပေါင်းဆောင်ရွက်မှု အားကောင်းကြပြီး နယ်စပ်ဂိတ်ပိတ်ထားတဲ့အတွက်ကြောင့်မို့တော့ အရောင်းအဝယ်ကိစ္စတွေမှာ ရပ်ဆိုင်သွားတာတော့ ရှိနေတယ်လို့လည်း ကိုယ်စားလှယ်က ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်လို့ တမူးမြို့မှာတော့ သံသယလူနာ တဦးတယောက်မှ မရှိသေးပေမယ့် အရေးပေါ်ဖြစ်လာရင် အဆင်သင့်ဖြစ်အောင်တော့ ပြင်ဆင်မှုတွေ ပြုလုပ်ထားတယ်လို့လည်း သိရပါတယ်။
တမူးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကိုတော့ ဆက်သွယ်လို့ မရသေးပါဘူး။
တမူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်နိုင်ဝင်းရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတော့ အဆိုပါသတို့သားကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၃၀-က) အရ အရေးယူ ဆောင်ရွက်ထားတယ်လို့ ဖော်ပြထားပါတယ်။
Credit

Post a Comment

0 Comments